“ဖျက်သိမ်းသွားခဲ့တဲ့ ဇွဲကပင်အသင်းနှင့် ချင်းအသင်းမှ ကစားသမား(၃)ဦး ဟံသာဝတီအသင်းခေါ်ယူရန် သဘောတူညီမှုရရှိ”

ဘဏ္ဍာရေးအခက်အခဲများကြောင့် ရာသီမကုန်မီ အသင်းဖျက်သိမ်းခဲ့ရတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းမှ ကစားသမား(၃)ဦးကို ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းမှခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပြန်ထားပါတယ်။

ဟံသာဝတီအသင်းခေါ်ယူရန် သဘောတူညီမှုရရှိထားတဲ့ ယင်းကစားသမားများမှာ ချင်းယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ကျော်မင်းသန်း၊ နောက်ခံလူ အောင်မိုးထွေးနှင့် ဇွဲကပင်ယူနိုက်တက်အသင်းမှ ဂိုးသမား မင်းသူတို့ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်းသိရပါတယ်။

ချင်းအသင်းမှ တိုက်စစ်မှူးကျော်မင်းသန်း နဲ့ နောက်ခံလူ အောင်မိုးထွေးဟာ ချင်းယူနိုက်တက်အသင်း ကစားပြီးခဲ့တဲ့ ပွဲစဉ် ၁၀ ပွဲမှာ ၁၀ ပွဲလုံး ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့တဲ့ ကစားသမားများဖြစ်ပြီး တိုက်စစ်မှူး ကျော်မင်းသန်းမှာ ချင်းအသင်းအတွက် သုံးဂိုးသွင်းယူပေးထားပါတယ်။

အလားတူ ဇွဲကပင်ယူနိုက်တက်အသင်း ဂိုးသမား မင်းသူဟာလည်း ဇွဲကပင်အသင်းအတွက် ၁၀ ပွဲမှာ၉ ပွဲ ပွဲထွက်ကစားပေးထားတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ ယခုနှစ်ဘောလုံးရာသီအတွက် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိ သတ်မှတ်ထားပါတယ်။

အသင်းဖျက်သိမ်းသွားတဲ့အတွက် ချင်းနှင့် ဇွဲကပင်အသင်းတို့မှ ကစားသမားတွေဟာယခုအချိန်မှာ အသင်းလက်မဲ့ဖြစ်နေကြခြင်းဖြစ်ပြီး အခြားသော မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ ခေါ်ယူနိုင်ရန် ကြိုးပမ်းလာကြခြင်းဖြစ်ပါတယ်။

အခြားသော ချင်းယူနိုက်တက်အသင်းကစားသမားဖြစ်တဲ့ နောက်ခံလူ အောင်ခိုင်ထွန်းကိုလည်း ဆောက်သမ်းမြန်မာ အက်ဖ်စီအသင်းက အပြီးသတ်ခေါ်ယူစာချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

#KS