“မှို၊ ကြက်သားနဲ့ ကိုကာကိုလာချက်ပြုတ်စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး”

တောင်ကြီး၊ ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ဇွန်လနောက်ဆုံးပါတ်အတွင်းက မှိုဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာချက်ပြုတ်စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။

သစ်တောရပ်ကွက်၊ ဇောတိကလမ်းရှိနေအိမ်တစ်လုံးမှ မိသားစုဝင်တွေက ဇွန်လ၂၂ရက်က ရွှေဘုန်းပွင့်တောင်ပေါ်သို့ သွားရောက်ရာမှ မှိုတွေတွေ့ရှိတဲ့အတွက် နေအိမ်သို့ ယူဆောင်လာကာ နေ့လည်စာချက်ပြုတ်စားသုံးခဲ့ပြီး ညနေစာအဖြစ် ကြက်သားနဲ့ ကိုကာကိုလာအချိုရည်ကို တွဲဖက်ကာ ချက်ပြုတ်စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်သိရသလောက်က စဖြစ်တဲ့ နေ့ပိုင်းအချိန်ကတော့ ဘာမှလက္ခဏာမပြဘူးလို့ ပြောတယ်။ ညရောက်မှ ကြက်သားနဲ့ ကိုကာကိုလာချက်စားပြီး မိနစ်၃၀လောက်နေတော့ ဗိုက်နာလာတယ်။ ဝမ်းတွေသွားကြတယ်။ အော့အန်လာကြတယ်။ ဆေးရုံမှာတစ်ပါတ်လောက်ကြာပြီးတော့ တစ်ယောက်က စပြီးတော့ ဆုံးတယ်။ သုံးရက်နေတော့ သူ့အဒေါ်ကို သဂြိုလ်မယ့်ရက်မှာ သူ့တူမက ထပ်ပြီးတော့ ဆုံးတယ်။ သူ့တူမကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်”လို့ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုအစာအဆိပ်သင့်မှုကြောင့် အမျိုးသမီး(၄)ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပေမယ့် နှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးအနက် အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဇွန်လ(၂၅)ရက်က သေဆုံးခဲ့ကာ အသက်(၄၀)ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဇွန်လ(၂၇)ရက်က သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူတွေကို တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿန်သို့ ပို့ဆောင်သဂြိုလ်ထားကြောင်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)

#ရွှေတြိဂံဒေသ သတင်းလွှာ