“ပြည်တွင်း ပြည်ပက အလုပ်သမား နှစ်သိန်းခွဲခန့် ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေကြ”

ကိုဗစ်ကာလမှာ ပြည်တွင်းနဲ့ ပြည်ပရှိ မြန်မာလုပ်သားပေါင်း ၂သိန်းခွဲခန့် အလုပ်လက်မဲ့ ဖြစ်သွားပေမယ့် အလုပ် ပြန်လည်ရရှိရေး ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက်ပါတယ်။

ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္တတစ်နှစ်တာကာလအတွင်းဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

ကိုဗစ်ကာလအတွင်း ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူ စုစုပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိပြီး လေယာဉ်နဲ့ပြန်လာသူတွေနဲ့ နယ်စပ်ကတဆင့် ပြန်လာသူ အားလုံးပါဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ ကိုဗစ်ကြောင့် ပိတ်သိမ်းသွားရတဲ့ စက်ရုံအလုပ်ရုံစုစုပေါင်း ၅၆၅၈ရုံ ပိတ်သိမ်းသွားရပြီး အလုပ် လက်မဲ့ဖြစ်ခဲ့သူ တစ်သိန်းလေးသောင်းကျော် ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

ကိုဗစ်ကာလမှာ အလုပ်သမား ရာနဲ့ချီ လိုအပ်တဲ့ စက်ရုံ အလုပ်ရုံ ၅၇ရုံခန့် ပြန်ဖွင့်လာပြီး ဝန်ကြီးဌာနက ပူးပေါင်း ‌ဆောင်ရွက်ကာ အလုပ်သမားတွေ အလုပ်ရရှိအောင် ပြန်လည်ဆောင်ရွက်ပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ပြည်ပက ပြန်ဝင်လာတဲ့ အလုပ်သမားတွေထဲက ဆောက်လုပ်ရေးကဏ္ဍနဲ့သက်ဆိုင်တဲ့ အလုပ်သမား ၅၀၀၀ ခန့်ကို ပြည်တွင်းက ဆောက်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်ပြန်ခန့်ပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ကလည်း ကြေညာထားပါတယ်။

#KS