“ကာရိုက်တာအစုံ ရိုက်ကူးနိုင်အောင်လေ့လာဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်”

သရုပ်ဆောင် ပိုးကြားဖြူခင်ကတော့ MRTV-4 ရဲ့ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်သတိထားမိလာတဲ့သူတစ်ယောက်ပါ။

မိုးကောင်းအိပ်မက် ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ အသိအမှတ်ပြုခြင်းကိုအပြည့်အဝရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ဆိုလည်းမမှားပါဘူး။

လတ်တလောမှာတော့ ဇာတ်လမ်းတွဲမင်းသမီးလေး ပိုးကြာဖြူခင်က Stay Home ကာလကို အိမ်မှာပဲနေရင်း သရုပ်ဆောင်ပိုင်းကို ပိုပြီးလေ့လာဖြစ်နေတယ်လို့ဆိုပါတယ်။

” ညီမက အရင်က ဒရမ်မာပိုင်းပဲ ရိုက်တာများတော့ နောက်ပိုင်း ကာရိုက်တာအစုံရိုက်လို့ရအောင် ဟာသပိုင်းလည်း လေ့လာဖြစ်တယ်။ ကိုယ်တိုင်လည်း အိမ်မှာလေ့ကျင့်တယ်။ အဓိကကတော့ အင်္ဂလိပ်စာပိုင်းကို အရမ်းလေ့လာဖြစ်တယ်။ အင်္ဂလိပ်ကားတွေကြည့်တယ်။ အိမ်မှာနေနေရတယ်ဆိုပေမယ့်လည်း ညီမတို့ကို FOREVER GROUP ကနေ အိမ်စာပေးထားတာတွေလည်းရှိတယ်။

ညဘက်တွေဆိုရင်လည်း ကိုယ်ကြိုက်တဲ့ အင်္ဂလိပ်ဇာတ်ကားကို ကြည့်ပြီး ကိုယ်ကြိုက်တဲ့ ဇာတ်ဝင်ခန်းလေးကို ၁၀ မိနစ်စာ တစ်ဖြတ်လောက် ပြန်သရုပ်ဆောင်ပြရပြီး ရုံးကို ပို့ပေးရတာရှိတယ်။ အဲ့ဒီတော့ နေ့တိုင်းသရုပ်ဆောင်ဖြစ်နေပါတယ်” လို့ သူမက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလကြောင့် အလုပ်တွေရပ်နားထားရသည့်အတွက် မိသားစုကို ပိုပြီး အချိန်ပေးဖြစ်တာက အဆိုးထဲက အကောင်းဖြစ်ပေမယ့်လည်း ကိုဗစ်ကာလ ဒီထက်ကြာမြင့်လာပါက နောက်ပိုင်းမှာ ကိုယ့်ရဲ့ အနုပညာ လုပ်ငန်းတွေထိခိုက်လာမှာကိုလည်း စိုးရိမ်မိတယ်လို့ သူမက ဆက်လက်ပြောပြသွားခဲ့ပါတယ်။

#KS