“အခြေအနေအရ တက်စီမောင်းနေရတဲ့ အတွေ့အကြုံကို ပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး”

သရုပ်ဆောင် အောင်တိုးကတော့ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်ပါ။

သူ့အနေနဲ့ နောက်ပိုင်း တချို့ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးတာကိုမြင်တွေ့ရပါသေးတယ်။

လူကြမ်းသရုပ်ဆောင်အနေနဲ့ ဝင်ငွေ နည်းပါးလွန်းတဲ့ သရုပ်ဆောင်အောင်တိုးက ဇာတ်ကားမရိုက်ရတဲ့အချိန်မှာ တက္ကစီလေးမောင်းဖြစ်နေတယ်လို့သိရပါတယ်။ သူ့အနေနဲ့ အဲ့ဒီလို တက္ကစီမောင်းရင်း တခါတလေမှာ ပရိသတ်တွေနဲ့ ဆုံတွေ့ရပုံကို အခုလိုမျိုး ဖွင့်ဟလာပါတယ်။

” ကျွန်တော်မောင်းတဲ့ အငှားကားပေါ် စီးတဲ့လူ ၁၀ ယောက်တက်ရင် ၃ ယောက်လောက်ကတော့မေးတယ်။ အဲ့ဒီ ၃ ယောက်လောက်ကတော့ ကောင်းတဲ့စိတ်လေးနဲ့မေးတာပေါ့နော်။ ခေတ်မကောင်းလို့လုပ်စားနေရတဲ့အပေါ်မှာလည်း သူတို့က ကိုယ်ချင်းစာတယ်။ တချို့ကျတော့လည်း ကားပေါ်တက်လာပြီး နည်းနည်းစကားစပ်မိသွားတာနဲ့ နှိမ်ချင်တယ်။

သွားပြီနော် ၊ ခင်ဗျားတို့ ရုပ်ရှင်လောကကြီးက စုတ်ပြတ်သွားပြီ။ ငတ်ကုန်ပြီ ဆိုပြီးပြောတယ်။ အဲ့လိုကျတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး။ တချို့ကလည်း သတ်သတ်ကြီးကို နှိမ်ချင်တာပေါ့။ အဲ့လိုကျတော့ ဘာမှ မဖြေချင် ၊ မတုံ့ပြန်ချင်တော့ဘူး။ ရှင်းပြလို့လည်း သူတို့ နားမလည်ဘူး။ တချို့ကျတော့ ဘဝမှာ လူကြမ်းသရုပ်ဆောင်ကြီး မောင်းပို့တဲ့ကားကို စီးဖူးသွားပြီလို့ပြောပြီးဆင်းသွားကြတယ်။

တခါတလေ အဝေးပြေးကွင်းကို အော်ဒါပါသွားရင်း အဲ့ဲဒီကအပြန် အော်ဒါပြန်ရလာပြီဆိုလည်း နယ်ကသူတွေက ကားပေါ်တက်စီးတဲ့အခါ ပျော်နေတာပဲ။ ရုပ်ရှင်ထဲက လူကြမ်းသရုပ်ဆောင်ကြီးကို အပြင်မှာတွေ့ရဖို့ ခက်ခဲရတဲ့အထဲ အခုတော့ သူမောင်းတဲ့ကားပါ စီးဖူးသွားပြီဆိုပြီး ပျော်နေကြတာပေါ့လေ။ အဲ့ဒီလို လူတွေကျတော့ အရမ်းချစ်ဖို့ကောင်းပါတယ်” ဆိုပြီး သရုပ်ဆောင် အောင်တိုးက အငှားယာဉ်အောင်းဘဝမှာ လူအမျိုးမျိုး စိတ်အဖုံဖုံနဲ့ ကြုံတွေ့ခဲ့ရပုံကို ပြောပြခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်ကာလအပြီးမှာ ဇာတ်ကားအသစ်တွေရိုက်ပြီးလို့ ရုံပေါ်တင်တဲ့အခါ ပရိသတ်တွေအနေနဲ့ ဆက်လက်အားပေးစေချင်ပါတယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

#KS